''ဒီနေ့ ဗုဒ္ဓဘာသာဆိုတဲ့ လူစားတွေမှာ ဘိန်းနှင့် ဘိန်းစားတွေလိုဖြစ်နေပြီကိုး၊ . . . အခုလည်း ဒို့ လူတွေမှာ ဘိန်းစွဲနေတဲ့ ဘိန်းစားတွေ ဘိန်းဖြတ်ခိုင်းသလို ဖြစ်နေပြီ၊ ဟို ကွန်မြူနစ်များက ဘာသာဟာ ဘိန်းပဲလို့ ပြောတာ သေသေချာချာ တွေးတော့ ဒီနေရာမှာ တကယ်မှန်တာကိုး ဒကာကြီးရဲ့''
ဟု ဦးဥက္ကဋ္ဌကိုယ်တိုင်- ပြောဟောခဲ့ရာ တရားတော်ကို ရိုသေလေးစား၍ ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်နေခြင်းကို ဦးဥက္ကဋ္ဌက အစွဲဥပါဒါန်ဟူ၍လည်းကောင်း ဗုဒ္ဓဘာသာဝင်တို့အား ဘိန်းစားများနှင့် နှိုင်းကာ ဘိန်းစွဲသလို စွဲနေကြသည်ဟူ၍လည်းကောင်း ဖိနှိပ်၍ ဆိုလိုက်ခြင်းသာ ဖြစ်သည်။ဗုဒ္ဓဝါဒသည် နတ်များကို ရိုသေခြင်း, နတ်ဘုရားကို ကြောက်ရွံ့ခြင်း, မှားယွင်းသော ကိုးကွယ်မှုနှင့် စပ်သည့် ကြောက်ရွံ့ထိတ်လန့်စိတ် ရှိနေရသည် မဟုတ်။ (အပြင်အပမှ)အကြောင်းပြုဖန်တီးသော (ဗြဟ္မာ, ဗိဿနိုး, တန်ခိုးရှင်, ထာဝရ, ခိုဒါ စသည်တို့၏) သြဇာအာဏာ မရှိပုံကို ဖော်ပြသော ဘာသာရေး သဘောတရား ဖြစ်သည်။ ဗုဒ္ဓဝါဒသည် ရုပ်နှင့်နာမ်ရှိသမျှ အားလုံး၏သဘာဝမှန်ကို နားလည်မှု ရစေတတ်သောဝါဒဖြစ်သည်။ ထာဝရဝါဒီတို့၏ နတ်ဘုရားများကို ယုံကြည်ခြင်း, ကြောက်လန့်ခြင်း, ဆုတောင်းခြင်း, ကိုးကွယ်ဝတ်ပြုခြင်း ဟူသော Rite and Ritual နှင့် လုံးလုံး မဆက်စပ်ဆိုင်ပေ။
ဗုဒ္ဓ၏ အဆုံးအမဟူသမျှ, စကားတော်ဟူသမျှသည် ဗုဒ္ဓဘာသာ မည်၏၊ ထိုမှတဆင့် ရတနာသုံးပါးကို ယုံကြည်အားထား ပွားများဆည်းကပ်ခြင်းကိုခေါ်၏၊
ဘာသာတရားသည် ဘိန်းနှင့် တူသည်ဆိုသော စကားသည် ကွန်မြူနစ်တို့က ဆိုလာသောအခါ ယုံကြည်မှုသက်သက်ကို အခြေခံ၍ဖြစ်သော ဘာသာတရား (ဥပမာ-ထာဝရဝါဒီ, ဣဿရဝါဒီ, ခိုဒါဝါဒီ) တို့ကို ရည်ညွှန်း၍ သူတို့၏ရှုထောင့်မှ ဆိုသောစကား ဖြစ်သောကြောင့် အလွန် ခိုင်လုံသော မှန်ကန်တိကျသည့် စကား ဖြစ်သည်၊ ဗုဒ္ဓဘာသာဝင်တို့၏ ဘာသာဟူသည်ကား ဗိုလ် ၅-ပါးကို အခြေခံသောကြောင့် ဘိန်းစား ဘိန်းကို စွဲခြင်းနှင့် မည်သည့်နည်းနှင့်မျှ မတူညီပေ၊ ဘိန်းသည် ဘိန်းစား၏ စိတ်နှလုံးကို ယစ်မူး မိန်းမောစေ၍ အမှန်တရားကို လွှမ်းမိုး ဖုံးအုပ်ပစ်နိုင်သော သတ္တိ ရှိသည်၊ ဗုဒ္ဓဘာသာဝင်တို့၏ သဒ္ဓါတရားမှာကား ဤသို့ တွေဝေမိန်းမောစေခြင်း မရှိ၊ အမှန်တရားကို ဖုံးကွယ်ခြင်း မပြု၊ ကြည်ကြည်လင်လင် သန့်သန့်ရှင်းရှင်းနှင့် အမှန်တရားသို့ ဦးတည်ညွှန်ပြသော သတ္တိသာ ရှိပေသည်၊ ရေနောက်ကို ကြည်လင်စေတတ်သော ပတ္တမြားကျောက်နှင့် သဒ္ဓါတရားကို ဥပမာပြု ကြသည်၊ လက်တွေ့အားဖြင့်လည်း ရတနာသုံးပါးကို ယုံကြည်သဒ္ဓါ ကြည်ညိုစွာဖြင့် အောက်မေ့နှလုံးသွင်းသော ပုဂ္ဂိုလ်မှာ ရာဂ-ဒေါသ-မောဟမလွှမ်း ဖြောင့်တန်းစွာ ရတနာသုံးပါးသို့ ထိရောက်၏၊ ဓမ္မနှင့်စပ်သော ပီတိပါမောဇ္ဇ ဖြစ်သည်၊ စိတ်ချမ်းသာခြင်း, ကိုယ်ချမ်းသာခြင်း, စိတ်တည်ကြည်ခြင်းကို ရရှိပေသည်။ တဏှာပေမနှင့် ဆန့်ကျင်ဘက်ဖြစ်သော ကြည်လင်သော သဒ္ဓါတရားကို ရရှိခြင်း, အကျိုးမဲ့တရားများ ကင်းပျောက်၍ အကျိုးစီးပွားများ ရောက်လာခြင်းတည်းဟူသော ဆုလာဘ်များကို မတောင်းဘဲနှင့် အလိုလို ရရှိနိုင်ကြောင်း သိရပေသည်။
ဘုရားရှင်၏ အဆုံးအမတော်တွင်ကား အကျိုးကိုပြ၍ လည်းကောင်း, အပြစ်ကိုပြ၍လည်းကောင်း, ဆုံးမတော်မူသော ဒေသနာတော်များမှာ မရေမတွက်နိုင်အောင် ရှိ၏၊ ဤသို့ အကျိုးကို ပြခြင်းသည် ကြောက်အောင် ခြောက်လှန့်သည်ဟူ၍ လည်းကောင်း၊ အမျှော်ခိုင်းသည် ဟူ၍လည်းကောင်း မဆိုနိုင်။
အကြောင်းအကျိုးကိုသာပြ၍ ဆုံးမတော်မူပုံကို အမြွက်မျှ ပြအံ့။
(က) မကောင်းမှုကို ပြုသောသူသည် ယခုဘဝ၌လည်းကောင်း၊ နောင်ဘဝ၌လည်းကောင်း၊ ပစ္စုပ္ပန် တမလွန် ၂-တန်သော ဘဝ၌လည်းကောင်း ပူပန်ဆင်းရဲရ၏၊ ငါသည် မကောင်းမှုကို ပြုမိပြီ ဟု တွေးတောပူပန်၏၊ ဒုဂ္ဂတိဘုံသို့ ရောက်သော် ပို၍ပင် ပူပန်ဆင်းရဲရ၏။
(ခ) ကောင်းမှုပြုသော သူသည် ယခုဘဝ၌လည်းကောင်း၊ နောင်ဘဝ၌လည်းကောင်း၊ ပစ္စုပ္ပန် တမလွန် ၂-တန်သော ဘဝ၌လည်းကောင်း ဝမ်းမြောက်ကြည်နူးရ၏၊ မိမိ၏လုပ်ငန်း စင်ကြယ်ကောင်းမြတ်မှုကိုကြည့်၍ သူသည် အဖန်တလဲလဲ ဝမ်းမြောက်ကြည်နူးရပေ၏။
(ဂ) သတ္တဝါတစ်ဦးတစ်ယောက်သည် မကောင်းမှုကို ပြုမိလျှင် ထိုမကောင်းမှုကို ထပ်တလဲလဲ မပြုမိစေသင့်၊ မကောင်းမှု၌တောင့်တခြင်း ဆန္ဒကို မပြုရာ၊ မကောင်းမှု များလျှင် ဆင်းရဲသောအကျိုး ရှိ၏။
(ဃ) သတ္တဝါတစ်ဦးတစ်ယောက်သည် ကုသိုလ်ကို ပြုမိလျှင် ထိုကုသိုလ်ကို ထပ်ကာတလဲလဲ ပြုရာ၏၊ ကောင်းမှု၌ တောင့်တခြင်း ဆန္ဒကိုပြုရာ၏၊ ကောင်းမှု များပြားလျှင် ချမ်းသာသော အကျိုး ရှိ၏။
ဤအဆုံးအမများတွင် ''မကောင်းမှု များပြားလျှင် ဆင်းရဲသော အကျိုး ရှိ၏၊ ကောင်းမှု များပြားလျှင် ချမ်းသာသော အကျိုး ရှိ၏''ဟူသော အဆုံးအမသည် အပြစ်နှင့်အကျိုးကို ရိုးရိုးကလေး ပြကာ ဆုံးမတော်မူခြင်း ဖြစ်သည်။
''ရာဟုလာ . . . ငါ မေးမည့် စကားကို သင် ဘယ်လို သဘောရသနည်း၊ ကြေးမုံမှန်ပြင်သည် အဘယ်အကျိုး ရှိပါသနည်း ရာဟုလာ၊ အပြစ်ကို ဆင်ခြင်ခြင်း အကျိုး ရှိပါသည် ဘုရား၊ ရာဟုလာ . . . ဤနည်းအတိုင်းပင် စဉ်းစားဆင်ခြင်ကာ ကိုယ်ဖြင့် အလုပ်လုပ်ရမည်, နှုတ်ဖြင့် အလုပ်လုပ် ရမည်, စိတ်ဖြင့် အလုပ်လုပ်ရမည်၊ ရာဟုလာ . . . ကိုယ်ဖြင့် အလုပ်လုပ်မည်ရှိသောအခါ ငါ၏ ဤကာယကံမှုသည် မိမိအတွက်လည်း ဆင်းရဲပင်ပန်း, သူတပါးအတွက်လည်း ဆင်းရဲပင်ပန်း, မိမိ သူတပါး နှစ်ဦးသားအတွက်လည်း ဆင်းရဲပင်ပန်းဖို့ ဖြစ်လေမည်လားဟု ဆင်ခြင်ရမည်၊ ငါ၏ ဤကာယကံမှုသည် ဆင်းရဲကို ဖြစ်စေ၍ ဆင်းရဲသောအကျိုး ရှိသော ကံများဖြစ်လေမလားဟု ဆင်ခြင်ရာ၏၊ ရာဟုလာ . . . အကယ်၍ သင် ဆင်ခြင်သောအခါ မိမိလည်း ဆင်းရဲ၊ သူတပါးလည်း ဆင်းရဲဖို့ ဖြစ်သည်၊ ဒုက္ခကိုဖြစ်စေ၍ ဆင်းရဲသော အကျိုးရှိသည်ဟု သင် ထင်မြင်လျှင် ဤသို့သော ကာယကံကို သင် မည်သည့်နည်းနှင့်မျှ မပြုသင့်၊ ရာဟုလာ အကယ်၍ သင် ဆင်ခြင်သောအခါ မိမိလည်း ဆင်းရဲ, သူတပါးလည်း ဆင်းရဲဖို့ မဖြစ်၊ ချမ်းသာခြင်းကို ဖြစ်စေ၍ ချမ်းသာသောအကျိုး ရှိသည်ဟု သင် ထင်မြင်လျှင် ဤသို့သော ကာယကံကို သင် မချွတ်ပြုရမည်။'' (ဝစီကံ, မနောကံ အလားတူ)။ (မဇ္ဈိမပဏ္ဏာသပါဠိတော်၊ အမ္ဗလဋ္ဌိက ရာဟုလောဝါဒသုတ်)
အကျိုးကို ပြကာ ဆုံးမတော်မူလျက် တစ်ထပ်တည်းသာ စားခြင်း၏အကျိုးကို ဟောတော်မူပုံကား
''ရဟန်းတို့ . . . ငါသည်(ညစာမစားဘဲ)တစ်ထပ်ဆွမ်းကို ဘုဉ်းပေးတော်မူ၏၊ ရဟန်းတို့ . . . တစ်ထပ်ဆွမ်းကို ဘုဉ်းပေးတော်မူသောအခါ အနာရောဂါကင်းခြင်း, အားအင်နှင့်ပြည့်စုံခြင်း, ချမ်းသာစွာနေနိုင်ခြင်းကို ငါဘုရား သတိပြုမိတော်မူ၏၊ ရဟန်းတို့ . . . လာကြကုန်၊ သင်တို့လည်း (ညစာမစားဘဲ) တစ်ထပ်ဆွမ်းကို စားကြကုန်လော့၊ သင်တို့လည်း တစ်ထပ်ဆွမ်းကို စားလျှင် အနာရောဂါကင်းခြင်း, အားအင်နှင့် ပြည့်စုံခြင်း, ချမ်းသာစွာ နေနိုင်ခြင်းကို (သင်တို့ကိုယ်တိုင်) ကောင်းစွာ သိကြပေလိမ့်မည်''
''ဘုရားရှင်တို့သည် ဘေးကို ပြကာ ခြိမ်းခြောက်၍ ပယ်စွန့်စေတော်မမူကြချေ၊ အကျိုးကို ပြ၍သာ ပယ်စွန့်စေတော်မူကြမြဲ ဖြစ်သည်၊ ဤသို့ အကျိုးပြုပယ်စွန့်စေလိုက်သော် သတ္တဝါတို့သည် လွယ်ကူစွာ ပယ်စွန့်ကြလေသည်''
အထက်ပါ သဘာဝယုတ္တိ အာဂမယုတ္တိတို့ကို ထောက်၍ ဗုဒ္ဓဝါဒသည် အမျှော် အကြောက်၊ တစ်နည်း (Reward and Punishment) ဆုလာဘ်နှင့် အပြစ်ဒဏ်ကို ပြကာ ခြောက်ချည်တစ်လှည့် မြှောက်ချည်တစ်ခါ ပြုလုပ်တတ်သော ဖန်ဆင်းရှင် ထာဝရဝါဒီတို့၏ ဘာသာမျိုး မဟုတ်၊ အကျိုးအကြောင်းကို ပြ၍ဆုံးမတတ်သော ဘာသာ သာဖြစ်သည်၊ နတ်ပြည်နှင့် ငရဲပြည်ကို ပြခြင်းမှာလည်း မြှောက်လို ခြောက်လို၍ မဟုတ်ဘဲ အရှိသဘောဖြစ်၍ ရှိကြောင်းကို ပြခြင်းသာဖြစ်သည်၊ ဤလမ်းသွားလျှင် ဤအရပ်သို့ ရောက်၍ ထိုလမ်းလျှောက်လျှင် ထိုအရပ်သို့ ရောက်ကြောင်း ပြတော်မူခြင်းသာ ဖြစ်သည်။
အကယ်ပင် အကျိုးကို လိုလားသော မိဘဆရာသမားတို့က ချုပ်ချယ်၍ အတင်းအကျပ် တရားအကျင့်ကို ကျင့်ကြံခိုင်းစေကာမူ (ဝါ)သာသနာတော်၏ အဆုံးအမကို မကျင့်လိုဘဲ ကျင့်ရစေကာမူ သာသနာတော်၏ ကျင့်စဉ်ကား ကျင့်သူကို လမ်းဆုံးပန်းတိုင်ဖြစ်သော အနုပါဒါပရိနိဗ္ဗာန်တိုင်အောင် အကျိုးပြုသည်သာ ဖြစ်၏။
စတုက္က အနုသောတသုတ်၌ မြတ်စွာဘုရား ဟောမိန့်တော်မူသည်။
သမ္မာဒိဋ္ဌိသုတေသနဝါဒီတို့၏ ''ကိုးကွယ်''ဟူသော စကားနှစ်လုံးကို ပုဒ်ခွဲကာ ကိုး=အားကိုးသည်၊ အားကိုးခြင်းသည် လိုချင်ခြင်း ဖြစ်၍ လောဘ=အမျှော် ဖြစ်သည်၊ ကွယ်=ကာကွယ်သည်၊ ကာကွယ်စောင့်ရှောက်ခြင်းသည် ကြောက်ရွံ့ထိတ်လန့်ခြင်း=ဒေါသ အကြောက် ဖြစ်သည်၊ လောဘ ဒေါသသည် မောဟကြောင့် ဖြစ်သည်ဟု ကြံကြံဖန်ဖန် သမ္ဘာရပရိစ္ဆေဒ ပြုကြခြင်းသည် စိတ်မမှန်သော သူတို့၏ စကားသာ ဖြစ်သည်ဟု အမှတ်(၂) သီးခြားဝိနည်းဓိုရ် ဆရာတော်များက သုံးသပ်တော်မူကြသည်။
ဖော့်ဝေါ့ မေးလ်မှ ပို့တင်ပေးထားခြင်းဖြစ်ပါသည်။....
0 comments:
Post a Comment